Monday, March 30, 2009

... လွမ်းသူ

ပုလွေသံ ခပ်တိုးတိုးနဲ့
မိုး ... ခေါ်မိ ။

ကောင်းကင်ကို ဆွဲချ မရတော့
ငါ့ကိုယ်ငါ လှဲချ လိုက်တယ် ။
မျက်နှာချင်းဆိုင်မှာ ... ည အပြာ
လှပါရဲ့ ... ။

မြက်တွေရဲ့ ရနံ့ကတော့
လွမ်း စ ရာ ။

တိမ်တွေ ငြိမ်တဲ့အခါ
ငါက လှုပ်လို့ ...
ကြည့် ။
တိမ်တွေ လှုပ်ပါမှ
ငါ ...
ငြိမ်လို့ ငေး ... ။

ရင်လွယ်အိတ်ထဲမှာတော့
သစ်ရွက်တွေ သစ်ရွက်တွေ
... စိမ်း လို့ ။

အဲ့ဒီအချိန်မှာ
ခေါင်းလောင်းသံ ပျပျ နဲ့
စက္ကူလေယာဉ် လေးတွေ
ဝေ့ ဝဲ
စိုက် ဆင်း ကျ လာ ...
ရောက်ရာ အရပ်က ပြန်လာပါ ..... တဲ့ ။

ငါလေ ...
မိုးအလာကို မစောင့်နိုင်ပဲ ...
တကိုယ်တည်း တဖွဲဖွဲ ရွာလိုက်မိတော့မယ် ။
ရင်လွယ်အိတ်လေးလည်း ရွှဲရော ။

ကိုယ်တိုင်က ...
တွန့်ကြေစုတ်ပြဲလွယ်တဲ့
စက္ကူခေါင်းလောင်းလေး ဆိုတော့ ...

ပုလွေသံလည်း တိတ်ဆိတ်
ငါ့မျက်လုံးတွေ မှိတ်လိုက်တယ် ... ။

ကိုယ့်စိတ် ကိုယ်ကြောင်းနေရတာနဲ့ပဲ
ကျောင်းခေါ်ချိန်က မပြည့်ဘူး
သူငယ်ချင်းရယ် ... ။

4 comments:

ငယ်ငယ်တုန်းက သူငယ်ချင်း said...

ကျောင်းခေါ်ချိန်မပြည့်ရင် စာမေးပွဲ ဖြေလို့ မရဘူး။ ငါကတော့ ဘွဲ့ ရလို့  ကျောင်းပြီးသွားပြီ။
ကျောင်းဝန်းထဲမှာ သူငယ်ချင်းတစ်ယောက်ထဲ စက္ကူလေယာဉ်တွေနဲ့ အတူ နေရစ်ခဲ့ပါတော့။
ငါကတော့ ဘ၀ထဲကို တိုးဝင်သွားခဲ့ပြီ။
တာ့ တာ။

နွေလှိုင်ဿုန်း said...

လွမ်းမောစရာလေးဗျ...အဲဒါမျိုးတွေ သိပ်မရေးနဲ့ ဓာတ်ခံ မကောင်းဘူး.ဝမ်းနည်းရင်း ရူးသွားလိမ့်မယ် ဟဲဟဲ

ကျော်ညိုသွေး said...

ကဗျာက ပျံ့ပျံ့လွင့်လွင့်လွင့်လေး ကောင်းတယ်ဗျာ။

Anonymous said...

အတိတ်ဆိုတာ ဆွေးစရာ၊
အရိပ်ဆိုတာ ငေးစရာ ၊
လွမ်းသူမှာ စက္ကူစတွေနဲ့  ၊
လမ်းပေါ်မှာ ရွက်ကြွေစတွေနဲ့ ၊
ငါ့မျက်လွှာကို ရဲရဲကြီး မှိတ်လိုက်တယ် ၊
မိုးကိုရွှဲရော ။