Thursday, April 16, 2009

ပြီး ။

ဖြူဖြူ လုံးလုံး အိအိလေးကို ဝါးတုတ်တံကလေးနဲ့ ထိုးတဲ့ပြီး ခံတွင်းထဲ အသာငုံ ... ဝါးတုတ်ကလေး တန်းလန်းနဲ့ ... lollipop လိုပဲ ။ သူ့တို့ချင်းသာ ကပ်စေးစေးနေတာ ... ကိုယ့်ခံတွင်းထဲလည်း ရောက်ရော လျှောလျှော လျှောလျှောနေလိုက်တာ ။ လျှာဖျားလေးနဲ့ အသာထိုးပြီး ဘယ်ပါးစောင် ညာပါးစောင် ပြောင်းနေလိုက်သေးတယ် ... ပြီးကာမှ ရှေ့သွားလေးနဲ့ အသာဖိကြည့် ... အထဲမှာ ဘာရှိမလဲပေါ့ ။
ပြောမရဘူးလေ ... ။ အချိုဓာတ်လေးရလို့ စိတ်ချရပြီ ဆိုမှ တချက် နှစ်ချက်ဝါးပြီး မျိုချ ... လျှောကနဲပဲ ။
အရက်နဲ့ မြည်းစရာဆိုလို့ သူများဝေထားတဲ့ မုန့်လုံးရေပေါ်ပဲ ရှိတာကိုး ။ တခွက်မှ တလုံးလောက် မြည်းဖြစ်တာ။ နို့မို့ဆို ရင်ပြည့်ပြီး သိပ်မသောက်နိုင်ဘူး။ စွတ်စား စွတ်သောက်ပြန်ရင်လည်း မုန့်ဖတ်ချည်းပဲ ပြန်ထွက်တတ်တာ။

ဒန်သတ္ထုရေနွေးကရားအိုးလေးကတော့ ရေခဲငွေ့တွေ ပျံလို့ ... အကြမ်းပန်းကန်လုံးနူတ်ခမ်းပဲ့လေးထဲ အသာငှဲ့လိုက်တော့ ဝါရွှေရည် ။ မြန်မာဒွိုင်းဂျင်ရယ်၊ မရင်ဒါရယ် ... သံပုရာတခြမ်းလည်း ပါသပေါ့။ သကြားတဇွန်းပါ ခတ်ထားသေးဆိုကိုး ... ။ တဖွဲဖွဲရွာနေတဲ့ ပိတောက်ကြွေပွင့်ဖတ် တချို့တလေကလည်း ပါသေးရဲ့ ... ကောင်းပါလေ့ ... ။
ရေနွေးအိုးသေးလေးက တယောက်တခွက်သောက်ရင် သုံးယောက်ကို သုံးပတ်လည်ရုံပဲရှိတာ ... လ္ဘက်ရည်ဆိုင်ပိုင်ရှင် ဘကြီးကို ကျရည်နှပ်တဲ့ အိုးကြီး ပေးဖို့ ဂျီကျသေးတာ ... ဒါလေးတော့ ချမ်းသာပေးပါ ငါ့တူတို့ရာ ဆိုတာနဲ့ ... စားပွဲအောက်မှာလည်း အရံ ၂ အိုးက အသင့်ကိုး ။

ခွေးခြေ ပုသေးသေးလေးပေါ်မှာ ဒူးကွေးခြေတင်ပြီး ထိုင်လို့ သောက်နေတာပဲ ... ။ ဒီဆိုင် အနီးတဝိုက်မြေပြင်ကလည်း ပိတောက်ကြွေတွေဖွေးလို့ ... ခြေချရက်စရာမှ မရှိတာပဲကိုး ။ တကယ့် အဝါရောင် ပိတောက်လမ်းကလေး ။
သင်္ကြန်လည်ထွက်တဲ့ ကားတွေ တစီးတလေ ဖြတ်သွားရင်တော့ တဟေးဟေးနဲ့ လက်လှမ်းပြတတ်ပါတယ် ... ဒါကလည်း ကောင်မလေးတွေ ပါကာမှ ... ။ ဖြတ်သွားဖြတ်လာ ကောင်မလေး တယောက်တလေ နှစ်ယောက်နှစ်လေ ကျပြန်တော့လည်း ရေထမလောင်းဖြစ်ပြန်ဘူး ... ဇိမ်ပျက်တာကိုး ။ အဲ့လိုပဲ သောက်ရင်းနဲ့ တောရောက်တောင်ရောက်တွေ ပြောတာ ။

“ ကမ္ဘာ့ရေအရင်းအမြစ် ထိန်းသိမ်းရေး ဆိုတာက ... ### ... ရေဂါလံ သန်းနဲ့ချီပြီးတော့ကာ ... ### ... ” “ ဟေ့ကောင် ... ရေသဘင်ပွဲ ... ရာသီဥတု ... ပူပြင်း ... လူတွေရဲ့ အတွင်းမီး အပြင်မီးတွေ ... ပူပြင်း ... ရေနိုင်နိုင်လောင်းကာမှ ... နှစ်ဟောင်း အညစ်အကြေး စင်၊ မစင် ထားတော့ ... လောလောဆယ် အေးသွားရင် ပြီးရော ... ”
“ မနက်ဖြန် ... နှစ်သစ်ပြီ ... လူသစ် စိတ်သစ်ပဲ ... မင်းကို ငါ အပေါင်းအသင်းမလုပ်တော့ပြီ ။ ”
“ အိမ်း ... ကောင်းပ ။ ငါလည်း မင်းနှမလေးကို မပေါင်းတော့ပြီ ”
“ အေး ... ဟုတ်တယ် ။ ငါပေးစရာရှိတဲ့ အကြွေးဟောင်းတွေလည်း နှစ်ဟောင်းမှာ ထားခဲ့ပြီး နှစ်သစ်မှာ ကြွေးသစ်တွေ ထပ်ချေးမယ် ”
“ ငါတော့ ... မနက်ဖြန်ကစပြီး ... အရက်ကို ... ဘုရား ... လှူလိုက်တော့မယ် ”
“ ဟကောင် ... ငရဲတော့ ကြီးဦးမယ် ... အရက်ကို ဘုရားလှူစရာလား ... လက်နက်တို့ အဆိပ်တို့ အရက်သေစာတို့ဆိုတာ မလှူကောင်းဘူးကွ ... ”
“ အေးနော် ... ကိုယ့်ဟာကိုယ်ပဲ ဆက်သောက်ရင် ငရဲမကြီးတော့ဘူးပေါ့ ”

ကံက ကောင်းကောင်းကြီး ဆိုးချင်တော့ တဖက်ခြမ်း ငါးအိမ်ကျော်လောက်က အပျိုကြီးတွေ အလိုက်ကမ်းဆိုး သိသိနဲ့ တမင်ရွဲ့ပြီး ပေးသွားတဲ့ တလျှော်ကင်ပွန်း တထုပ်က ရောက်လာ... ။
ဟေ့ရောင် ... မင်း ငါတို့ထက် ၄ လကြီးတယ် ... လာထား ... ဆိုပြီး ... ရှိသမျှ ခေါင်းမွှေးပေါင်းရင်တောင် ၁ ပေမပြည့်တဲ့ ခေါင်းကို လျှော်ပါလေရော ... ဘောက်သေအောင်လို့ဆိုပြီး သံပုရာသီးနဲ့လည်း စွတ်ပွတ် ... စပ်လိုက်တာ ... အမူးပါ ပြေချင်ချင်ဖြစ်တယ် ... ။

သြော် ... အဲ့ဒီတုန်းကပေါ့ ။ သင်္ကြန်တွင်းဆို ... ခွေးတောင် မသောက်တဲ့ အရည်တွေကို ... ခွေးဖြစ်အောင် သောက်ခဲ့တာ ... ။ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်လို့ ... လေးဖက်ကလေး ထောက်လို့ ... အိမ်တော့ ပြန်ရောက်ခဲ့သေးတယ် ... ။
ခုတော့ အိမ်ပြန်မရောက်တာလည်း ကြာပါပြီလေ ... ။ မုန့်လုံးရေပေါ် မမြည်း ... အဲလေ ... မစားရတာတောင် ၅ နှစ်လောက်ရှိရော့မယ် ။

သင်္ကြန်နဲ့ ပတ်သတ်ပြီး ဘာအငွေ့အသက်မှ မရတဲ့ အရပ်မှာဆိုတော့ ဟိုးအရင်က သင်္ကြန်တရက်ကို ပြန်သတိရတာနဲ့ပဲ ... ။ ပြီးပါပြီလေ ...